နတ်နန်းနှင့် ငရဲခန်း


Friends18.com Orkut Scraps

သုခတွေပေါင်းဆုံ
သောကတွေ ကင်းဝေး
လိုတရတဲ့ နေရာလေးမို့
လူတိုင်းသွားချင်သည်နေရာ
နတ်ပြည်တဲ့လား  ။

ဒုက္ခတွေ ရွာသွန်း
သောကတွေမစဲ
ရဲရဲတောက်တဲ့ မီးတောက်ကြားဝယ်
မည်သူမှ မသွားချင်ဒီဧရိယာ
ငရဲပြည်တဲ့လား  ။

ရှင်သန်သူတိုင်း
ကြားသိပေမယ့်
လက်တွေ့မှာ
မခံဖူး မစံဖူးတာ
ဒီနေရာလေး နှစ်ခုပါ  ။

ငါ့အတွက်တော့လေ
မင်းရှိတဲ့ နေရာ
နတ်ပြည်နန်းပါ
မင်းမရှိတဲ့ အခန်း
ငရဲခန်းမို့
မရောက်ချင် မလျှောက်ချင်
မင်းမရှိတဲ့ ငရဲနန်း  ။



လွင်ပြင်လှိုင်းငယ်


ကောင်မလေး

ကောင်မလေးရေ
ကောင်းကင်ကိုနင် မြင်ရဖို့
ခေါင်းမော့ကြည့်ရတဲ့
ပုံသေ အခြေအနေမို့
အားငယ်နေတာလား
အားမငယ်ပါနဲ့ ကောင်မလေးရယ်
ကောင်းကင်ဆိုတာ
နင်မြင်ချင်မှ မော့ကြည့်ရပေမယ့်
ကောင်းကင်ကတော့
ထာဝရ နင့်ကို ငုံကြည့်ရတဲ့ အဖြစ်မို့
နင့်ထက် ကောင်းကင်က သနားဖို့ ကောင်းပါတယ်  ။

ကောင်မလေးရေ
ဝေဟင်မှာ အတောင်ဖြန့်တဲ့
 ငှက်ငယ်လေးကို အားကျနေလား
အားကျစရာ ဘာတစ်ခုမှ မရှိပါဘူးလေ
 အတောင်ကောင်းလို့ အမြင့်မှာ မာန်တက်နေပေမယ့်
အတောင်ညောင်းတဲ့ တစ်နေ့
ဝေဟင်မှာလေမနှင်နိုင်ပဲ
 မြေပြင်မှာ လမ်းမလျှောက်တတ်တဲ့အဖြစ်နဲ့
ဇာတ်သိမ်းက ကလေးတစ်ယောက်ရဲ့ လက်ထဲမှာမို့
မြေပြင်မှာ လမ်းလျှောက်တတ်တဲ့ နင့်ကို
ငှက်ကလေး အားကျနေလိမ့်မယ်  ။

ကောင်မလေးရေ
သူ့ထက်အပြိုင် လှနိုင်လွန်းတဲ့
ပန်းဥယာဉ်ထဲ နင် ငိုမနေပါနဲ့လေ
 ပန်းဆိုတာ လှမှ
လူအမြင်မှာတင့်တာ
အလှတရားတွေကို နေရောင်က ၀ါးမျို
သဘာဝက ရိုက်ချိုး
လန်းရာက နွမ်း
နွမ်းရာက ခြောက်
 မီးဆိုက်ဖို့တောင်
အသုံးမလိုတော့
 တံမြက်စည်းရဲ့ စေရာအတိုင်း
အမှိုက်ပုံကနေ
ဘယ်ချိန်ကြည့်ကြည့်
ကျက်သရေ အပေါင်းခညောင်းရတဲ့
စိတ်ထား လှလှအမြစ်တွယ်
ဝေဆာနေတဲ့ စေတနာအကိုင်းအခက်ကြား
 ဘယ်ရာသီမှ ခြောက်နွမ်းမသွားတဲ့
နင့်ရဲ့ ဖြူစင်တဲ့ အပြုံးပန်းလှလှကို
ပန်းကလေးက အားကျနေလိမ့်မယ်  ။

(မှတ်ချက်။   ။မဒမ်လွင်ပြင်ကို တခါတရံ ကောင်မလေးဟု ကျွန်တော်ခေါ်တတ်ပါသည်)

လွင်ပြင်လှိုင်းငယ်

ငါ

ငါသည် ငါဖြစ်ဖို့
ငါကိုယ်တိုင်
ငါ့ရာဇ၀င်ကို
ငါပိုင်တဲ့ ငါ့ဘ၀စာမျက်နှာမှာ
ငါနဲ့ဆိုင်တဲ့အကြောင်းတွေ
ငါပိုင်ခဲ့တဲ့ ဒုက္ခ သုခတွေကို
ငါ့နှလုံးသွေးနဲ့ ရေးရဲရမည်  ။



ငါသည် ငါဖြစ်သောကြောင့်
ငါ့ထက်တော်သူကို အားကျမိ၏
ငါ့ထက် ညံ့သူကို ငါ့ထက်တော်စေချင်၏
ငါလျှောက်မယ့်လမ်း ခယောင်းလမ်းဖြစ်ချင်ဖြစ်ပါစေ
အများလျှောက်တဲ့ လမ်းတော့ 
စိန်စီပြီး ဖဲခင်းတဲ့ လမ်းကောင်းလေးပဲ ဖြစ်စေချင်တာ
ငါ့ဆန္ဒမှန်ပါ  ။



ငါသည် ဓါးသွေးကျောက်ဖြစ်ချင်၏
ငါသာ ပါးသွားပေမယ့် အများ ထက် တော့ ငါပျော်၏
 ငါသည် လမ်းဘေးက ရေချမ်းစင်လေးလဲ ဖြစ်ချင်၏
အမြင်မလှပေမယ့် သူတပါး ရင်တော့ အေးစေ၏
ငါသည် ဇရပ်လေးလဲဖြစ်ချင်၏
အခင်းနွမ်းနေပေမဲ့ ခဏတာ အများအတွက် နားစရာတော့ရ၏ ။



ငါသည်  စာပေ ကဗျာလေးတောင် မရေးတတ်ပေမယ့်
ရသ ကိုခံစားတတ်၏
ကဗျာဆရာလက်ကို တန်ဖိုးထား၏
ငါသည် ဝေဖန်ရေးကို အားပေး၏
မနာလိုခြင်းကို ရွံမုန်း၏
ငါသည် အပြစ်ကင်းသော သူတော်စင်မဟုတ်ပေမယ့်
လူတွေကိုတော့ အပြစ်ကင်းတဲ့ လူတော်တွေဖြစ်စေချင်၏  ။



ငါသည် ငါဖြစ်သောကြောင့်
ငါ့ဘ၀ကို ငါခြယ်သပြီး
ငါဆေးရောင်က မလှပရင်
ငါ့ချစ်သူနင်နှင့် သင်တို့က
ငါ့အတွက် အရောင်ကောင်းလေးပြောခဲ့ပါ  ။



လွင်ပြင်လှိုင်းငယ်

 
 


 

အတွေး

ကလေးလေးရေ..........
မင်းမသိသေးတဲ့ လောကကြီးအကြောင်း
တစ်စေ့တစ်စောင်း ပြောပြမယ်နော်..။

 အပြုံးလေးတစ်ခုမြင်တိုင်း
ဖော်ရွေတတ်တယ်လို့တော့
မတွေးလိုက်လေနဲ့
အဲဒီအပြုံးဟာ မဲ့ပြုံးလဲဖြစ်နေနိုင်လို့ပါ..
...................။

မျက်ဝန်းမှာမျက်ရည်စမြင်တိုင်း
ဝမ်းနည်းလွယ်တယ်လို့တော့
သနားစိတ်လေးမ၀င်စေနဲ့
အဲဒီမျက်ရည်ဟာ သူတစ်ပါးကျဆုံးမှုကို
ဟားတိုက်ရီမောရလွန်းလို့
ကျလာတဲ့မျက်ရည် တွေလဲ ဖြစ်နေနိုင်လို့ပါ...............။

စကားလုံးချိုချို ဖွဲ့နွဲ့ဆိုတိုင်းလဲ
နှလုံးသားလှသူလို့တော့
တထစ်ချ မယုံလေနဲ့
အတွင်းနှလုံးသားကိုမြင်ရတာမှ မဟုတ်ပဲ..........။

အရုပ်ဆိုးလို့ သဘောဆိုးမယ်
အကြွင်းမဲ့တွေးလို့ မထားလေနဲ့
 သူ့နှလုံးသားလေးကလှနေတတ်ပြန်တယ်....။

ဒါကြောင့်လေ
ဘာကိုမှအမြင်လေးတစ်ခုနဲ့
 တန်းဖိုတွက်လို့ မဆုံးဖြတ်လေနှင့်
 အရာရာကို အလေးအနက်ထား
တွေးတောလို့ဆင်ခြင်ပါမှ
လောကမာယာတွေထဲ
အနေမကြပ် နေတတ်မှာပေါ့
ကလေးရယ်...........................။


မိုးစက်ငယ်

အလွမ်းများနှင့် ကခုန်ခြင်း

ဘ၀ စာပွဲဝိုင်းပေါ်မှာ

အလွမ်းတွေ ခင်းကျင်းပြီး

ကာရံ ပုလင်းထဲက

ဒဏ်ရာ နှစ်ချို့ဝိုင် တချို့

မျက်ရည်ခွက်ထဲ

လောင်းထည့်ပြီး
  မုသားချိုချိုတွေ ပြန်တမ်းတရင်း  လည်ချောင်းထဲကိုသွန်ချလိုက်တော့  ရင်ထဲမှာ  အလွမ်းကဗျာ တစ်ပုဒ် ဖြစ်သွားမလားပဲနော် ။ **********
ရင်ဘတ်အငှားနဲ့
 ကာရံတွေ စီနေရတဲ့ကဗျာဆရာတစ်ယောက်ဟာ ငါတို့ဖတ်ဖို့ ကဗျာတွေအတွက်နဲ့  အလွမ်းတွေ တိုက်စားလွန်းလို့ နှလုံးသား နံရံတွေကော ကျန်သေးရဲ့လား လွမ်းတိုင်းသာ ကဗျာတစ်ပုဒ်ဖြစ်မယ်ဆိုရင် မင်းအတွက် ရေးထားတဲ့ကဗျာ အုပ်ပေါင်းများစွာ  ငါပိုင်ဆိုင်ထားပြီပေါ့ ။ **********  မရေးပြတတ်တဲ့   ဝေဒနာ တချို့အတွက်နဲ့ မတီးတတ်တဲ့ ဂစ်တာကိုပုံစံမကျ  လက်မှာကိုင်ရင်း အလွမ်းများဆိုတဲ့ သီချင်းလေးကို  ညည်းနေမိတဲ့ငါဟာအရူးတစ်ယောက်လား ။   *********** 
အခြေအနေ မပေးလို့ တပြည်တရွာဆီဝေးမှ အလွမ်းက အိပ်ယာနိုးတာလား လူချင်းလဲ နီး စိတ်ချင်းလဲကပ်နေပေမယ့် မနေ့က   ချစ်စရာကောင်းတဲ့ မင်းအမူအရာတွေကို ဒီနေ့ ငါလွမ်းနေမိတာ ကဗျာတစ်ပုဒ်ဖြစ်နိုင်ပါ့မလား။ *********  လွင်ပြင်လှိုင်းငယ်

ကြိုးလေးတစ်ချောင်း နဲ့ ချစ်ခြင်းတွေပေါင်းတော့

အိပ်မက်လေးရေ
လမင်းပေါ်မှာထိုင်ပြီး
သမုဒ္ဒရာကြမ်းပြင်ထက်က
ရွှေငါးလေးမြှားချင်ပေမယ့်
ကြိုးမရှိတဲ့ အဖြစ်မို့
 စိတ်ညစ်မနေပါနဲ့
လိုအပ်မယ် ဆိုရင်
မောင့် သံယောဇဉ်ကြိုးလေးကို
ငါမြှားတံထိပ်မှာတပ်
လမင်းထက်ကနေ ပစ်ချလိုက်ပါ
သမုဒ္ဒရာကြမ်းထက်ရောက်ယုံမက
ဆယ်ပြန်ကမတောင် ပိုရှည်နေပါလိမ့်မယ် ။

အိမ်မက်လေးရေ
အလှဲလှဲ အပြိုပြိုဖြစ်နေတဲ့
ကမ္ဘာကြီးမြေကြီးကို 
စုစည်းချည်နှောင်ဖို့
ကြိုးတစ်ချောင်းလောက်အတွက်နဲ့တော့
စိတ်ပျက် အားငယ်မနေပါနဲ့
မောင် အိပ်မက်လေးအပေါ်ထားတဲ့
သံယောဇဉ်ကြိုးနဲ့သာ ချည်နှောင်လိုက်ပါ
ဒီထက်ခိုင်ခံတဲ့ကြိုး
 ဒီကမ္ဘာပေါ်မှာရှိမယ် မထင်ပါဘူး  ။

အိပ်မက်လေးရေ
နင့်အပေါ်မှာထားတဲ့ မောင့်ချစ်ခြင်းတွေ
စီရီပြီး
မဟာတံတိုင်းနဲ့နှိုင်းယှဉ်ကြည့်လိုက်ပါ
မဟာတံတိုင်းဟာ 
မောင့်အချစ်တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင်
ခြံစည်းရိုး 
သာသာလောက်သာဖြစ်သွားလိမ့်မယ်ဆိုတာ
အဖြေရှာစရာမလိုတဲ့
သေချာတဲ့ မြင်ကွင်းတစ်ခုပါ ။

အိပ်မက်လေးရေ
နင့်ကိုချစ်တဲ့အကြောင်း
သံယောဇဉ်တွေပေါင်းပြီး စာဖွဲ့ပေမယ့်လဲ
ရင်ထဲက အချစ်ကိုမှီဖို့
အကြိမ်တစ်ရာသေပြီး
အခါ တစ်သောင်း လူဖြစ်ပြီးတော့
ကဗျာတွေစပ်
စာတွေထပ်ရင် ထပ်သွားလိမ့်မယ်
နင့်ကို ချစ်ကြောင်းကဗျာတစ်ကြောင်းတော့
ငါဘယ်သောခါမှ စပ်နိုင်မှာ မဟုတ်တာ
သေချာပါတယ် ချစ်သူရာ  ။

(ကဗျာဟောင်းလေးကို ပြင်ဆင်ရေးသားပြီး ပြန်တင်ခြင်းဖြစ်ပါသည်။)
လွင်ပြင်လှိုင်းငယ်

လွင်ပြင် + စံပယ်=?

အများကြီး ချစ်မိရင်တော့ တအား
ရင်နာရ တတ်ပါတယ်တဲ့
သံယောဇဉ်တွေက ခပ်ကြီးကြီး
ဘ၀မှာ 
အထီး မကျန်ရလေအောင်
ရင်ဘတ်ကိုဖွင့်ပြီး
နှလုံးသားထဲက အကြင်နာကို
အားပါးတရ ပေးလိုက်ပါတယ်
ရော့ ယူလိုက်ပါတော့
ချစ်သူ-----------------
ငါ့မျက်ရည်တစ်စက် က
ရေအေးတစ်ခွက်ဖြစ်ခဲ့ရင်
ချစ်သူ အမောပြေသောက်သုံးဖို့
အဲဒီ မျက်ရည် အမြဲကျပေးနေမိမယ်
ချစ်သူ-------------------
ငါ့ ရဲ့ အပြုံးဟာ မင်းအတွက်
ဗီတာမင်ဆေးဖြစ်ခဲ့ရင်လဲ
မင်းအားဖြစ်စေဖို့အတွက်
သုံးရာသီလုံး ငါပြုံးနေပါ့မယ်
ချစ်သူ---------------------
ဘာအတွက်ပဲ ဖြစ်ဖြစ်
အပြစ်မယူ
ချစ်ခြင်းတွေတူညီစွာနဲ့
ရာသက်ပန် လက်တွဲ ဖို့ကို
ဒီတစ်သက် မခွဲပဲ
ဘ၀ရဲ့ နောက်ဆုံး အချိန်ထိ
တစ်ယောက် စိတ်ရင်း
တစ်ယောက် သိပြီး
နားလည်မှုတွေနဲ့
ပေါင်းစပ်ပါရစေတော့ ။

jasmine(တောင်ကြီး)
အများကြီးချစ်ပေမဲ့
အမှားမရှိတဲ့ 
ရင်ခုန်သံမို့
ရင်နာစရာလဲ မရှိခဲ့ပါဘူး 
သံယောဇဉ်တွေ
တနင့်တစ်ပိုးနဲ့
ကျော်ဖြတ်ရတဲ့ ဘ၀မှာ
အထီးကျန်မှု့မရှိသူမို့
မင်းအုပ်စိုးတဲ့ အချစ်နန်းတော်သို့
ရှိသမျှ မေတ္တာ
ထားသမျှ အကြင်နာကို
ပစ်သွင်းလိုက်ပါ ချစ်သူ
ဖမ်းယူမယ့်သူ...........

နင့်မျက်ရည် တစ်စက်နဲ့
ငါအသက်ဆက်ရမယ်ဆိုရင်တောင်
နင့်မျက်ရည်တစ်စက် ငါမကြည့်ရက်လို့
သေမင်းဆီသွား 
ပြုံးပြနှုတ်ဆက် အသက်ထွက်ပေးပါ့မယ်
မျက်ရည်တစ်စက်တော့ မထွက်လိုက်ပါနဲ့  ချစ်သူ

မင်းအပြုံး တစ်ပွင့်နဲ့
ငါ့မနက်ခင်းတွေ
သစ်လွင်နေလေတော့
နေ့နေ့ ညည
မိုးရွာရွာ နေပူပူ
သံသရာအဆက်ဆက်
မင်းအပြုံးကို ယူသုံးချင်လို့
ခွင့်ပြုပါ ချစ်သူ 

ချစ်သူတွေမို့
အပြစ်ယူစရာ
ဗိုင်းရပ်(စ်) တစ်ကောင်မျှတောင်
မရှိနိုင်လို့
ချစ်ခြင်းတွေထပ်
ဘ၀များစွာဖြတ်လို့
နင့်စိတ်နဲ့ ငါ့ကိုယ်
အလိုမတူစရာ မရှိတာမို့
နားလည်မှု့ သရဖူးဆောင်း
ဘ၀တိုင်းမှာ ပေါင်းပါရစေလား ချစ်သူ ။

လွင်ပြင်လှိုင်းငယ်


jasmine၏ ခံစားချက်နှင့် လွင်ပြင်ခံစားချက်ကို ညီမျှခြင်းချသည် ။
အဖြေကို စိတ်ကြိုက် ရေးသွားနိုင်ပါသည်။

သုံးရာသီခရီး

ပူလောင်တဲ့နေမင်း
အလင်းအောက်က
အတ္တဖိနပ်တစ်ရံနဲ့
လျှောက်နေရတဲ့
ငါ့ပန်းတိုင်းက
အိပ်မက်လေးရှိရာ အရပ်သို့သာ ။

လျှပ်စီ မိုးကြိုး
ဆိုးလှတဲ့ မိုးသည်းချိန်တိုင်း
မာနထီးတစ်လက်နဲ့
ခရီးဆက်ခဲ့တာလဲ
အိပ်မက်ဆီတည့်တည့်
နင်ရှိမဲ့အရပ်ဆီသို့ပါ ။

ဆောင်းနံနက်ရဲ့
အအေးဒဏ်
အသည်းခိုက်အုံး
ရေခဲတောင်မှာ နင်ရှိရင်လဲ
နင့်ရဲ့ မေတ္တာအနွေးထည်လေး
ခပ်ထူထူဝတ်လို့
နင်ရှိမဲ့ဆီ အပြေးလာမည်
             မောင့်ရဲ့ချစ်သူ အိပ်မက်လေးဆီသို့ရယ်  ။


လွင်ပြင်လှိုင်းငယ်

နှလုံးသားအရှင်သခင်

 
အချစ်တစ်ခု အရင်းပြုပြီး

သစ္စာကို အုတ်မြစ်ချ

မေတ္တာတံတိုင်း ခိုင်ခိုင်ဆောက်လို့ရယ်

သံယောဇဉ်သွေးမျှင်တွေ ချီနှောင်ထားတဲ့

အတ္တအကင်းဆုံး ဒီနေရာ

မာန်မာနမဲ့တဲ့ ဒီဧရိယာ

ရိုးသားခြင်းကို ဘုရားတစ်ဆူးလို
 
ကိုးကွယ်ထားလို့

လိမ်ညာစကားတွေဒီမှာမထားပဲ

ချစ်ခြင်းတရားတွေကို အမိုးလုပ်

ကြင်နာခြင်းတွေ ကာရံထားတဲ့

နှလုံးသားမြို့တံခါး
 
မင်းအတွက် သီးသန့်ထားတာမို့

ဖြေးဖြေးခြင်း လှမ်းဝင်ခဲ့ပါ

နှလုံးသား အရှင်သခင်

အိပ်မက်ရှင်လေးရယ် ။



လွင်ပြင်လှိုင်းငယ်



လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.